Monday, January 4, 2010

ဦးအောင်လွင်

လူရွင်တော် သရုပ်ဆောင် ကိုဇာဂနာနဲ့ အတူ လက်တွဲပြီး နာဂစ် မုန်တိုင်း ဒုက္ခသည်တွေကို တက်နိုင်သမျှ ကူညီ ထောက်ပံ့ပေးရာမှာ တက်ွ့ကစွာ ဦးစီး ဦးဆောင်ပြု ပါဝင် လုပ်ဆောင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် ကော်မတီဝင် အဖြစ်လည်း နိုင်ငံရေး တာဝန်များကို ယူခဲ့ဖူးသူ အကယ်ဒမီ ရုပ်ရှင် မင်းသား၊ ဒါရိုက်တာ ဦးအောင်လွင်ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို စုစည်း လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။ အကယ်ဒမီ ရုပ်ရှင် မင်းသား၊ ဒါရိုက်တာ ဦးအောင်လွင်

ဦးအောင်လွင်သည် အောက်တိုဘာလ ၂၃ ရက် ၁၉၃၅ ခုနှစ်တွင် စစ်တွေမြို့၌ အဖ ဦးအောင်ကျော်ဇံ၊ အမိ ‌ဒေါ်ကြွယ်တို့မှ မွေးဖွားခဲ့သည်။ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်း၊ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကျခဲ့သည်။ ဟယ်ရီတန်အရေးအခင်း၌ ပါဝင်ခဲ့သည်။

၁၉၅၄-၅၅ ခုနှစ်တွင် အမျိုးသားစီးမံကိန်းဌာန၊ စာရင်းအင်းဌာနခွဲတွင် အောက်တန်းစာရေး၊ ၁၉၅၅-၅၆ ခုနှစ်တွင် ရေနံချောင်းမြို့၊ ရေနံမြေစီမံကိန်းရုံးတွင် အထက်တန်းစာရေး၊ ၁၉၅၆ ခုနှစ်တွင် ဓာတ်သတ္တုရှာဖွေရေးနိုင်ငံခြားပညာသင်အဖြစ် ရွေးချယ်ခံရသော်လည်း ဟယ်ရီတန်အရေးအခင်း၌ ပါဝင်ခဲ့မှုကြောင့် ပယ်ခြင်းခံရသည်။

၁၉၆၁ ခုနှစ်တွင် ကျောက်မဲမြို့မှ အငြိမ်းစား ခရိုင်ဝန် ဦးအယ်လ်ခွန်ဆိုင်း၊ ဒေါ်နန်းခမ်းကြာတို့၏ သမီး ဒေါ်အေမီနှင့် လက်ထပ်ခဲ့ပြီး၊ သား သမီး ၆ ဦး ထွန်းကားခဲ့သည်။

၁၉၅၇ တွင် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ် အတွက် အကယ်ဒမီ သရုပ်ဆောင် ထူးချွန်ဆု (ဇာတ်ရံ) ကို "နော်ကူးမ" ဇာတ်ကားဖြင့် ရရှိခဲ့သည်။ ဒါရိုက်တာ စံရွှေမောင် အမည်ဖြင့်လည်း 'မိုးကုတ်စက်ဝိုင်း ကျော်လွန်၍'၊ 'နောက်မကျကြေး' နှင့် အခြား ရုပ်ရှင် ဇာတ်ကားများကို ဒါရိုက်တာ အဖြစ် တာဝန်ယူပြီး ရိုက်ကူး ထုတ်လုပ်ခဲ့သည်။

* ယခုအခါ နော်ကူးမဇာတ်ကားမှ ရရှိသော အကယ်ဒမီရွှေစင်ရုပ်ထုကို ရွှေတိဂုံဘုရားပြတိုက်တွင် လှူဒါန်းပြသထားပါသည်။ (မေယာအမ်တီ)


၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးတွင် အခြား စာပေ အနုပညာရှင်များနှင့် အတူ လက်တွဲပြီး တက်ွ့ကစွာ ပါဝင်ခဲ့သလို၊ သား သာကျော်မောင်နှင့် သမီး သန္ဈာခိုင်တို့ ၂ ဦးသည်လည်း တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ မဆလ အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ရုပ်ရှင် သမဂ္ဂတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဇနီး ဖြစ်သူ ဒေါ်အေမီနှင့် ကွာရှင်း ပြတ်စဲခဲ့ပြီး၊ ကွာရှင်းပြီးနောက် ဇနီးဖြစ်သူနှင့် သမီးဖြစ်သူ မကျော့ကျော့ခိုင်တို့သည် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် နေထိုင် နေကြသည်။

စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တတ်သိပညာရှင် အစုအဖွဲ့ကနေ ပါဝင်ခဲ့ပြီး၊ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် တစ်ဦး အဖြစ် တာဝန်ယူခဲ့သည်။

No comments:

Post a Comment