ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်

မြန်မာ့နိုင်ငံရေး လမ်းကြောင်းပေါ်က ပေါ်ပေါက်လာခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အကြောင်း တစေ့တစောင်း
Friday, 12 June 2009 10:28 ခိုင်နိုင်လင်း

စစ်အာဏာရှင်စနစ်ကိုဖယ်ရှားမယ်ဆိုရင် ခိုင်မာစနစ်ကျတဲ့ အဖွဲ့လိုအပ်ပါတယ်။ ခေတ်သစ်နိုင်ငံရေးလှုပ်ရှားမှုမှာ “ ၈၈ အရေးတော်ပုံ “ ဟာအကြီးမားဆုံးစည်းကမ်းအရှိဆုံး ၊ အကြမ်းလုံးဝမဖက်ပဲ ညီညွတ်ပြီး တပြည်လုံးကို ပြန့်နှံ့ခဲ့တယ်။

ထိုစဉ်က စစ်ဘီလူး အာဏာရှင်ဟာ အရပ်သားနဲ့ ကျောင်းသားများကို ရပ်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နှိမ်နှင်းခဲ့သလို ၊ ထောင်သွင်းအကျဉ်းချခဲ့ ကြတယ်။ ဒီတော်လှန်ရေးကြီးဟာ ပျောက်ကွယ် မသွားပါဖူး။ ရပ်တန့်လို့လဲ မနေဘူး။ ထို့ကြောင့် တစ်ပါတီ (မဆလ) စနစ်ချုပ်ငြိမ်းသွားခဲ့ရတယ်။ ဤ အရေးတော်ပုံကြီးမှာ ရခိုင်လူမျိုးတို့သည်လည်းအသက်သွေးတို့ကိုစတေး၍ တိုက်ပွဲဝင်ခဲ့ကြသည်။ တစ်ပါတီစနစ်ပြို လဲပြီ ဖြစ်သော်လည်း ဒီမိုကရေစီတည်ဆောက်ရေးအတွက် ဆက်လက်ချီတက်ရန်ကား ဒီမိုကရေစီအင်အားစုများ၏ တာဝန်ဖြစ်သည်။ အရေးတော်ပုံကာလအတွင်း စုစည်းမိခဲ့သော ရန်ကုန်ုမြို့နေရခိုင်များ၏ ရခိုင်အမျိုးသားသမဂ္ဂသည် ဒီမိုကရေစီအရေး တာဝန်ကို ထမ်းဆောင်နိုင်ရေးအတွက် အမျိုးသားရေးလုပ်ငန်းစဉ် တစ်ရပ်ကို ချမှတ်ခဲ့ပေသည်။

ဒီမိုကရေစီတိုက်ပွဲဝင်လျက်ရှိစဉ် (၁၈ ၊ ၉ ၊ ၁၉၈၈ ) နေ့တွင် စစ်တပ်မှ အာဏာသိမ်းယူပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေး အဖွဲ့ကို ဖွဲ့စည်းကာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဝင်နိုင်ရေးအတွက် နိုင်ငံရေး ပါတီများ ဖွဲ့စည်းနိုင်ကြောင်း ကြေငြာချက်အရ ရန်ကုန်မြို့ရောက် ရခိုင်အမျိုးသားများသည် ရခိုင်အမျိုးသားသမဂ္ဂ ကိုအခြခံလျက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ( ၂၇ ၊ ၉ ၊ ၁၉၈၉ ) နေ့တွင်ဖွဲ့စည်းခဲ့ပြီး ( ၀၂ ၊ ၁၀ ၊ ၁၉၈၉ )နေ့တွင်

ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ခဲ့သည်။ ရခိုင်ပြည်တွင် ဦးစွာ ပေါ်ပေါက်လာသည့် ဦးဆောင် ပါတီဖြစ်သည်။

ထို့နောက်တိုင်းရင်သားလူမျိုးများ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးသည် တိုင်းရင်းသားလူမျိုးစုံပါဝင် ဆောင်ရွက်မှသာလျှင် ရနိုင်မည်ဟု ယုံကြည့်သည့်အလျောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ဘ၀တူ တိုင်းရင်သားညီအကိုများနှင့် ပူးပေါင်း၍ ပြည်တောင်စုတိုင်းရင်းလူမျိုးဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီတရပ်၏ ဖြစ်စဉ်အတိုင်း ဗဟိုဦးစီးစနစ်ဖြင့် စတင်ဖွဲ့စည်းခဲ့သော်လည်း ဒီမိုကရေစီအခြေခံမူများကို ချမှတ်နိုင်ရန် လည်းကောင်း၊ ဒီမိုကရေစီကျင့်စဉ်ကို ယုံကြည်၍ ပါတီတွင်း ဒီမိုကရေစီကျင့်သုံးနိုင်ရန် ( ၃၀ ၊ ၀၉ ၊ ၈၉ )နေ့တွင်မြို့နယ်ပေါင်းစုံ ပထမညီလာခံကို စစ်တွေမြို့၌ ကျင်းပခဲ့သည်။ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုဦးစီးအဖွဲ့ဝင်များကို ဒီမိုကရေစီနည်းလမ်းများအရ ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်။ အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့သည်။

♦ ဦးဦးသာထွန်း ( နာယက )

(၁) ဒေါက်တာ စောမြအောင် ဥက္ကဌ

(၂) ဒေါက်တာ ဦးအေး ဒု - ဥက္ကဌ

(၃) ဒေါက်တာ စံထွန်း ဒု - ဥက္ကဌ

(၄) ဦးအေးဖေ အထွေထွေအတွင်းရေးမှူး

(၅) ဦးအေးသာအောင် တွဲဖက်အထွေထွေအတွင်းရေးမှူး

(၆) ဦးလှစော အတွင်းရေးမှူး

(၇) ဦးသာနိုး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

(၈) ဦးထွန်းဝင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

(၉) ဦးသာဘန်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

(၁၀)ဦးခင်မောင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

(၁၁)ဦးစံလှရွှေမောင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

(၁၂)ဦးအောင်လှဇံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

(၁၃)ဦးစောဖြူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

(၁၄)ဦးကျော်မြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

(၁၅)ဦးမြင့်ဆွေမောင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တို့ဖြစ်သည်။

ရခိုင်တို့ယုံကြည်သည်မှာ ရခိုင်လူမျိုးတို့သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုအရေးအရာများကို သီးခြားလွတ်လပ်စွာ အပြည့်အ၀ကျင့်သုံးနိုင်ခဲ့သော ကမ္ဘာ့သမိုင်း၏ ရှေးအကျဆုံး လူမျိုးတစ်မျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ကမ္ဘာ့သမိုင်း၏ ရှေးအကျဆုံးမြို့များထဲတွင် သံတွဲမြို့နှင့် မြောက်ဦးမြို့ပါဝင်သည်။ ဘိုးတော်မောင်ဝိုင်းမှ တိုက်ခိုက်သိမ်းပိုက်မှုကိုခံခဲ့ရသည်မှစ၍ ရခိုင်တို့၏ထီးနန်း ပျောက်ခဲ့ရသည်။ ကိုယ့်ကြမ္မာကိုယ်ဖန်းတီးနိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။ သမိုင်းစက်ဘီး၏ နင်းလှိမ့်မှု့ဒဏ်ကို ရင်နှင့်စွာ ခံစားခဲ့ရလေသည်။ (၁၈၈၅) ခုနှစ်တွင် အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သောအခါ ရခိုင်ပြည်သည် အင်္ဂလိပ်အောက်သို့ ပထမဆုံးကျရောက်ခဲ့ရသည်။ တိုင်းတပါးသားတို့၏ စိုးမိုးချယ်လှယ်မှု့ကို မခံလိုကြသော ရခိုင်အမျိုးသားများသည် အင်္ဂလိပ်တို့ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ထိုသို့ဆန့်ကျင်တော်လှန်ရာတွင် ဒေးဝန်းကြီးအောင်ကျော်ရွှီး၊ မြို့သူကြီး အောင်ကျော်ဇံ၊ နှင့် ဆရာတော်ဦးဥတ္တမတို့သည် ထင်ရှားသောအမျိုးသားခေါင်းဆောင်များ ဖြစ်ပေသည်။ ထို့ပြင်ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံတွင်သာမက အာရှတခွင်တွင်လည်း ထင်ရှားသောနယ်ခဲ့ဆန့်ကျင်ရေးခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ပါသည်။

ရခိုင်အမျိုးသားခေါင်းဆောင်များနှင့်တကွ ရခိုင်အမျိုးသားတရပ်လုံးသည် မြန်မာ့လွတ်လပ်ရေးတလျှောက်လုံး၌ အသက်ပေါင်းများစွာကို စတေး၍ အခြားသောတိုင်းရင်းသားညီအကိုများနှင့်အတူ

လက်တွဲလျက် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြပေသည်။ ထိုသို့တိုက်ပွဲဝင်ရာတွင် ရခိုင်မျိုးသားများသည် မိမိတို့၏အမျိုးသားရေးသက်သက်ကို ရှေ့တန်းမတင်ပဲ တစ်တိုင်းပြည်လုံး နယ်ချဲ့စနစ်အောက်မှ လွတ်မြောက်ရေးကိုသာ အဓိကထားကြိုးပမ်းခဲ့သည်ကို သမိုင်းမှ သက်သေတည်လျှက်ရှိပေသည်။ ထိုသို့ကြိုးပမ်းရာတွင် တိုင်းရင်းသားအားလုံးသွေးစည်းညီညွတ်ရေး အခြေခံ အုတ်မြစ်အဖြစ် ပင်လုံစာချုပ်သည် သမိုင်းတွင်ခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရသော အခါ၌ကားပင်လုံစာချုပ်ပါ ဗိုလ်ချုပ်အောင်ဆန်းတို့ချမှတ်ခဲ့သော တိုင်းရင်းသားညီညွတ်ရေး အခြေခံမူများကို မျက်ကွယ်ပြုလျက် ပုံသဏ္ဍန် မမှန်သောပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်ခဲ့ကြပေသည်။ ထို့ကြောင့် သမိုင်းအစဉ်အလာအားဖြင့် ဘုရင့်နိုင်ငံတော်ဖြစ်ခဲ့သော ရခိုင်ပြည်သည်လည်း ပြည်နယ်အဆင့်ကိုပင် မရခဲ့ပေ။ သို့ဖြစ်၍ရခိုင်အမျိုးသားများသည် မိမိတို့လိုလားသော ရခိုင်ပြည်နယ်အတွက်နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ သို့သော ၁၉၆၂ - မတ်လ (၂) ရက်နေ့တွင် ဒီမိုကရေစီအရပ်ရပ်ကို ရိုက်ချိုးခံလိုက်ရသော အခါ၌ကား အစဉ်တစိုက်မျှော်မှန်းခဲ့သော ရခိုင်ပြည်နယ်အရေးမှာ ပျောက်ကွယ်သွားခဲ့ရသည်။ ၁၉၇၄-ခုနှစ်တစ်ပါတီအာဏာရှင်ဖွဲ့စည်းပုံအရ ရခိုင်ပြည်နယ် အဖြစ်သတ်မှတ်ပေးခဲ့ သော်လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရှိသော ပြည်နယ်မျိုးသာဖြစ်ခဲ့သည်။

ထို့ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်ရွယ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များကို တညီတညွတ်တည်း ချမှတ်ခဲ့ကြပေသည်။ ၎င်းတို့ထဲမှ အကျဉ်းချုပ်ကို ဖော်ပြရလျှင် ...



(၁) တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူ အခွင့်အရေးများ အပြည့်အ၀ရရှိရေးအတွက် ဆောင်ရွက်ရန်နှင့် နစ်နာဆုံးရှုံးလျှက်ရှိသော အမျိုးသားရေးအခွင့်အရေးများကို ကြိုးပမ်းဆောင်ရွက်ရန်။

(၂) ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိသောရခိုင်ပြည်နယ် ပေါ်ထွန်းရေး။

(၃) တိုင်းရင်းသားလူမျိုးများတန်းတူ၊ ညီတူဖြစ်ရေးအခြေခံပေါ်တွင် တည်ဆောက်မည့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေး။

(၄) ပြည်ထောင်စု၏ အချုပ်အခြာအာဏာသည် တိုင်းရင်းသားလူမျိုးများဖြစ်သော ရခိုင်၊ ရှမ်း - အစရှိသော တိုင်းရင်းသားများမှ ဆင်းသက်ရပေမည်။ဥပဒေကအုပ်ချုပ်သောစနစ်ဖြစ်ပြီး၊ လူကအုပ်ချုပ်သော စနစ်မဖြစ်စေရ။

(၅) ရခိုင်ပြည်နယ်စီးပွားရေးကို ပြည်ထောင်စု၏ စီးပွားရေးမူဘောင်အတွင်းမှ ခေတ်မှီစီးပွားရေးကို ဖန်တီးထူထောင်မည်။

(၆) လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်၊ ပင်လယ်ထွက်ကုန်ပစ္စည်းများကို အခြေခံ၍ စက်မှုလုပ်ငန်းများကို တည်ဆောက်မည်။

(၇) သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးစနစ်ကို ခေတ်နှင့်အညီ ခေတ်မှီနည်းစနစ်များနှင့် ဆောင်ရွက်မည်။

(၈) လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေများကို တောင်သူလယ်သမားများအနေဖြင့် ပိုင်ဆိုင်ခွင့်၊ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ပေးကမ်းခွင့်၊ အမွေဆက်ခံခွင့်ရှိစေရမည်။ ထို့အတူ ဥပဒေအရတားမြစ်ထားသောသီးနှံ များမှအပ မိမိဆန္ဒအလျောက် စိုက်ပျိုးထုတ်လုပ် ရောင်းချ၊ ဖလှယ်ခွင့်ရှိရမည်။

(၉) ပညာရေးတွင်ခေတ်နှင့်အညီ အခြေခံပညာနှင့် အဆင့်မြင့်နည်းပညာကျောင်းများကို လိုအပ်သလိုတိုးချဲ့ ဖွင့်လှစ်မည်။

(၁၀) ကျန်းမာရေး လုပ်ငန်းတွင်လည်း ပညာရှင်တို့နှင့် တိုင်ပင်ပြီး လိုအပ်သလိုခေတ်နှင့်အညီ ဆောင်ရွက်လုပ်ကိုင်သွားမည်။

(၁၁) အားကစားတိုးတက်ရေး အတွက်လည်း လိုအပ်သလိုပြုပြင်၍ တိုးတက်အောင်ဆောင်ရွက်မည်။

(ယခုဖော်ပြခဲ့သော အခြေခံမူများမှာ အကျဉ်းချုပ်အနေနှင့် အရေးကြီးသော အချက်တချို့သာဖြစ်ပါသည်။ အကျယ်အနေနှင့် ပါတီဖွဲ့စည်းပုံ၏ မူများကို အလျဉ်းသင့်လျှင် ဖော်ပြပေးပါမည်။)

ရခိုင်ပြည်သူလူထု၏ အခြေခံကျသော ဘ၀ဆန္ဒကိုဖော်ပြသည့် ၁၉၉၀-ခုနှစ် မေလ (၂၇) ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ရွေးကောက်ပွဲတွင် ရခိုင်ပြည်သူလူထုက အသဲကြားမှ မဲဆန္ဒဖြင့် တခဲနက်ထောက်ခံခဲ့ကြသည်။ ထို့ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ (၁၁)နေရာကို အောက်ပါပုဂ္ဂိုလ်များဖြင့် တရားဝင် ကိုယ်စားပြုခဲ့သည်။



(၁) ဦးမောင်မြ မင်းပြား (၁)

(၂) ဦးထွန်းဝင်း မင်းပြား (၂)

(၃) ဒေါက်တာစောမြအောင် မြောက်ဦး (၁)

(၄) ဦးအောင်လှဇံ မြောက်ဦး (၂)

(၅) ဦးဖြူစိန်ဦး မြေပုံ

(၆) ဦးဘသန်း ပေါက်တော (၁)

(၇) ဦးစောထွန်းစိန် ပေါက်တော (၂)

(၈) ဦးအောင်ထွန်းစိန် ပုဏ္ဍားကျွန်း

(၉) ဦးသာနိုး ရသေ့တောင်

(၁၀)ဦးစံထွန်း စစ်တွေ (၂)

(၁၁)ဒေါက်တာထွန်းအေး ကျောက်တော် (၁)



သို့သော်လည်း န၀တမှ (၁/၉၀) အမိန့်ကို လိုက်နာရန်ပြောခဲ့သော်လည်း ၎င်းဥပဒေမှာ ဒီမိုကရေစီအခွင့်အရေးများကို လှည့်စားရန် ပြုလုပ်ထားသော ဥပဒေဖြစ်နေ၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြင်းထန်စွာဆန့်ကျင်ခဲ့သည်။ ထို့အတူ န၀တမှပြုလုပ်သော အမျိုးသားညီလာခံသည်အတုအယောင်ဖြစ်ပြီး စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လွဲချော်နေကြောင်းထောက်ပြသဖြင့် န၀တအစိုးရမှ တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခြင်းခံခဲ့ရသည်။ ထိုအချိန်မှစ၍ ခေါင်းဆောင်အချို့ဖမ်းဆီခံရပြီး အချို့မှာ ပြည်ပသို့ထွက်ခွာခဲ့ကြရသည်။ ဤသည်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) ပေါ်ပေါက်ရန်ဖြစ်ပေါ်လာသော သမိုင်းအလှည့်အကွေ့ တစ်ဆစ်ချိုးပင်ဖြစ်သည်။

၁၉၉၃-ခုနှစ်မှာ အိန္ဒိယ-မြန်မာနယ်စပ်၌ ရခိုင်ဒီမိုရေစီအဖွဲ့ချုပ်(ပြည်ပ)ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ဤသည်မှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတရေးတို့ကို ဆက်လက်တိုက်ပွဲဝင်ရန်ဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ်ညီလာခံကို (၇-၇-၁၉၉၄) တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟာဘန်း (Harban)တွင်အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ၎င်းညီလာခံမှ အနာဂတ်ရည်ရွယ်ချက်များကို ချမှတ်ခဲ့ပြီး (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲရလာဒ် ကို ဆက်လက်ကိုင်စွဲသွားရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် (၀၉-၀၄-၂၀၀၁) မှ (၁၃-၀၄-၂၀၀၁)ထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဗဟိုကော်မတီအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ၎င်းအစည်းအဝေးသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ တတိယအကြိမ်အစည်းအဝေးဖြစ်ပြီး လေ့လာသူများပါ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ဌာနခွဲများကို အမေရိကန်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်၊ ဂျပန် တို့တွင်လည်း တိုးချဲ့ဖွဲ့စည်းရန် ချမှတ်ခဲ့သည်။ နယူးဒေလီအစည်းအဝေးတွင် အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းခဲ့သည်။



နာယကအဖွဲ့ ( ပြည်ပ )



(၁) ဒေါက်တာအေးကျော် (အမေရိကန်)

(၂) ဦးခင်မောင်ကြည် (ဗြိတိန်)

(၃) ဦးသာနိုး (အိန္ဒိယ)

(၄) ဦးထွန်းဝေ (ဂျပန်)

(၅) အရှင်သီလ၀ံသ (အိန္ဒိယ)



ဗဟိုအလုပ်အမှုအောင်အဖွဲ့ (ပြည်ပ)



(၁) ခိုင်အောင်ဝင်း (ဥက္ကဌ)

(၂) ခိုင်စံလင်း (ဒု-ဥက္ကဌ)

(၃) ခိုင်မျိုးခိုင် (အထွေထွေအတွင်းရေးမှူး)

(၄) ခိုင်သိန်းထွန်းဇံ (တွဲဖက် အထွေထွေအတွင်းရေးမှူး)

(၅) ခိုင်ချိုဇံ (ဘဏ္ဍာရေးမှူး)

(၆) ခိုင်ရန်အောင် (စာရင်းစစ်)

(၆) ဦးကျော်သိန်းအောင် (ဗဟိုကော်မတီအဖွဲ့ဝင်)

(၇) ဦးကျော်သိန်းအောင် (ဗဟိုကော်မတီအဖွဲ့ဝင်)

(၈) ခိုင်ဦးသာဇံ (ဗဟိုကော်မတီအဖွဲ့ဝင်)

(၉) ခိုင်ကျော်မြ (ဗဟိုကော်မတီအဖွဲ့ဝင်)

(၁၀)ခိုင်ကောင်းစံ (ဗဟိုကော်မတီအဖွဲ့ဝင်)

(၁၁)ခိုင်အောင်ကျော်စိုး (ဗဟိုကော်မတီအဖွဲ့ဝင်)



ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)ကိုအောက်ပါအတိုင်း သတ်မှတ်ဖွဲ့စည်းခဲ့သည်။



အဖွဲ့အမည် - ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ဟုခေါ်တွင်သည်။ အတိုကောက် ရဒဖ (ပြည်ပ)ဟုသုံးနိုင်သည်။

အင်္ဂလိပ်ဘာသာဖြင့် Arakan League For Democracy (Exile) ဟုခေါ်တွင်သည်။



တည်နေရာ - ဌာနချုပ်ရုံးကို ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သင့်လျှော်သောနေရာ၌ ထားရှိရမည်။ ယခုအခါထိုင်းနိုင်ငံ၌ထားရှိသည်။



ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အမှတ်အသား ဝေသာလီခေတ် ဆီမီးခွက်

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အမှတ်အသား ဝေသာလီခေတ် ဆီမီးခွက်
အဖွဲ့ချုပ်၏တံဆိပ် - အဖွဲ့ချုပ်၏အမှတ်တံဆိပ်မှာ မီးတောက်ထွန်းလင်းနေသာ ရခိုင်ဝေသာလီခေတ်ဆီမီးခွက် ဖြစ်စေရမည်။



အလံတော် - အဖွဲ့ချုပ်(ပြည်ပ)၏အောင်လံတော်သည် ထောင့်မှန်စတုဂံဖြစ်ပြီး အလျား (၉)ပေ၊ အနံ (၅) ပေ ရှိရမည်ဖြစ်ပြီး အောက်ခံအရောင်မှ အောင်လံတော်၏အလျားလိုက် အောက်ပိုင်းထက်ဝက်သည် အနီရောင်ဖြစ်ပြီး၊ အထက်ပိုင်းထက်ဝက်သည် အဖြူရောင်ဖြစ်သည်။ အောင်လံတော်၏ဗဟိုတွင် အောင်လံတော်၏ လက်ယာဖက်သို့ဦးတည်မျက်နှာမူထားသော စူးရှသောမျက်လုံးများနှင့်တောင်ပံများ ဖြန့်ကားထားကာ ရန်သူအား ထိုးသုတ်တိုက်ခိုက်ရန် ဟန်ပြင်နေသော ရွှေဝါရောင်ဝံလက်ငှက်အား အချိုးညီစွာထည်းသွင်းထားသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထိမ်းအမှတ် အောင်လံတော်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထိမ်းအမှတ် အောင်လံတော်

ဗဟိုဌာနချုပ်နှင့် ဌာနခွဲများတွင် ထားရှိရန် အောင်လံတော်မှာ အလျား (၆)ပေ၊ အနံ (၃)ပေ (၄) လက်မ နှင့် စားပွဲတင်အောင်လံတော်အတွက် အလျား (၉)လက်မ၊ အနံ (၅)လက်မဟူ၍သတ်မှတ်ထားရှိစေရမည်။

ဝံလက်ငှက်သည် ရခိုင်အမျိုးသားတို့၏ ရဲရင့်ပြတ်သားသော စိတ်ဓါတ်နှင့် မိမိတို့အမျိုးသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးတို့ကို ဖိနှိပ်ချုပ်ချယ်အနိုင်ကျင့် ဗိုလ်ကျနေသော ရန်သူအား အသက်စွန့်ကာ တဟုန်ထိုးတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

အနီရောင်၏အဓိပ္ပါယ်မှာ ရခိုင်အမျိုသားတို့၏ ရဲရင့်ပြတ်သားသောစိတ်ဓါတ်ကို ဖော်ညွှန်းသည်။

အဖြူရောင်၏အဓိပ္ပါယ်မှာ ရခိုင်အမျိုးသားတို့၏ အမျိုးသီလနှစ်ဌာနကို တစိုက်မတ်မတ် စောင့်ထိန်း ကာကွယ်သောစိတ်ဓါတ်ကို ဖော်ညွှန်းသည်။

ဝံလက်ငှက်ရွှေဝါရောင်သည် ရခိုင်အမျိုးသားတို့၏ထွန်းလင်းတောက်ပနေသော ဗုဒ္ဓသာသနာတော်ကို အထူးသက်ဝင်ယုံကြည်၍ ကာကွယ်စောင့်ရှောက်တတ်သောစိတ်ဓါတ်ကိုဖော်ကျူးထားသည်။

ယခုအခါ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) အဖွဲ့ခွဲများကို အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ နယ်သာလန်၊ မလေးရှား၊ ထိုင်း၊ သြစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ တို့မှာလည်းဖွဲ့စည်းပြီးဖြစ်သည်။ လိုအပ်လျှင် မည်သည့်နိုင်ငံ၌ မဆို တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရာ၌ လူတစ်စု၊ ပါတီတစ်ခုဖြင့် ဆောင်ရွက်ခြင်းထက် တမျိုးသားလုံးဝိုင်းဝန်းဆောင်ရွက်မှသာ အောင်ပွဲခံနိုင်မည်ဟု ယုံကြည်သည်။ ဘ၀တူတိုင်းရင်းသားများ၏ တန်းတူ ရည်တူအခွင့်အရေးရရှိရေးနှင့် စစ်မှန်သော ပြည်ထောင်စုပေါ်ပေါက်ရေးတွင် တိုင်းရင်းသားလူမျိုးများအားလုံး စုပေါင်းဆောင်ရွက်မှသာ အောင်ပွဲခံနိုင်မည် ဟု အလေးအနက်ယုံကြည်ကြပါသည်။

ထို့ကြောင့်ယနေ့ဖြစ်ပေါ်နေသည့် ဒီမိုကရေစီတော်လှန်ရေး၏ ပကတိအဖြစ်မှန်အခြေအနေများကို တွေးခေါ်သုံးသပ်လျက် လိုအပ်သော တော်လှန်ရေး မဟာဗျူဟာများကို တော်လှန်းရေး အင်္ဂါစုံညီစွာဖြင့် စိတ်တူကိုယ်တူ အခြားသောတော်လှန်ရေး မဟာမိတ်အဖွဲ့များဖြင့် လက်တွဲ၍ နအဖ ကိုအမြစ်ပြတ်ချေမှုန်းပြီး ဒီမိုကရေစီအောင်ပွဲကို အရယူသွားမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။





မြင့်မောင်ဌေး

B.SC (I.C) , D.F.T ( YGN )

Dip in Hotel & Restaurant Management (USA)

ASB in Hospitality Management (USA)

Master in Hospitality Management (Cornell,USA)

0 comments:

Post a Comment

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP